0
Thursday, March 4, 2010 Post By: LNK

အနားသတ် (Boundary)

ငါ့ ကဗျာရဲ့  အနားသတ်က ဘာလဲ
ဒီကမ္ဘာထဲမှာ........
အနာဂါတ်က မရေရာတဲ့ အထာကြီးနဲ့ လှမ်းပြောင်ပြနေသေးတယ်။

ဒါဟာ ကဗျာထဲက သံစဉ်လား
သံစဉ်ထဲက ကဗျာလား
သစ္စာတရားဆိုတာ
ဟိုးက ပင်လယ်တွေထဲမှာများလား။

စီးမြောချင်းလေ
ပန်းချီကားတပုဒ်လိုပဲ
ငါနားထောင်နေတဲ့ သီချင်းတွေက စိတ္တဇရယ်။

ဒီကဗျာကို ငါ...
ကိုယ့်ကိုကို အရည်ဖျော်ပြီးရေးနေတယ်။
ဟိုး ပဝေသဏီက ဂီတလှိုင်းတွေနဲ့။

ချိုပါစေသား
မင်းပျိုမယ်ဆိုရင်လဲ
ငါ့အိပ်မက်တွေကို အရည်ကျိုလို့ ယူသွားပါ။

သံစဉ်တွေ
အိုး...ငါ့သွေးတွေထဲ စီးမြောကျ
ဒါဟာ ထာဝရ ကျဆုံးမှုမရှိတဲ့ ကဗျာတပုဒ်ပဲ

ဟိုးက
တောင်တန်းရဲ့  နံရံပေါ်မှာ
ပန်းချီကားတချပ်ရှိတယ်။
သိပ်ကို လှသတဲ့။

ဂီတဆိုတာ
ငါ့အတွက်တော့ နေနေကျ
ကမ္ဘာနဲ့အတူ အထာကျပြီးသားပဲ။

ကာရန်တော့မရှိဘူးပေါ့လေ
ဒါပေမယ့်
ဒါက
ဘယ်ဘ၀က ကျိန်စာလဲ တကတည်းကွာ
ငါ့ရဲ့ လေညင်းတွေခမျာ
တခါတခါများ ပင့်သက်ရှိုက်ခွင့်တောင်မရလိုက်ဘူး။


ဘာပဲဖြစ်ဖြစ်ပေါ့လေ
လေပြေရေ
ငါ့ကဗျာကို မင်းသုံးပြီး
တချက်လောက်ပြုံးတယ်ဆို ကျေနပ်တယ်။

ဒီသီချင်းက
သံစဉ်တွေကြီးပဲနော်
ဒါပေမယ့် တစုံတရာကို
အရည်ပျော်သွားအောင်တော့ စွမ်းဆောင်နိုင်တယ်။

လင်းနေ (ရင်မှသံစဉ်)
 May Peace Prevail On Earth.



Copyright Reserved Brightening day 2010.
Design by: Bingo | Blogger Templates by Blogger Template Place | supported by One-4-All